ကန့်ဘလူခရိုင်ကျွန်းလှမြို့တွင် ရှေးဟောင်းကျောက်ထွင်း လက်ရာ ခြေရာတော် နှင့် ကျောက်ထွင်းရုပ်ပုံများ တွေ့ရှိ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် သီးနှံစိုက်ပျိုးရန်ယာခင်းရှင်းရာမှ ရှေးဟောင်း ကျောက်ထွင်းလက်ရာ ဘုရားခြေရာတော် နှင့် ကျောက်ထွင်းရုပ်ပုံများ၊ ဆင်းတုတော်များ တွေ့ရှိခဲ့ကြောင်း ထန်းပင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းလှိုင်က ပြောသည်။
ထန်းပင်ကုန်းကျေးရွာမှ ၁ မိုင်ခန့်အကွာရှိ ကျောက်တောင်ပေါ်တွင် စိုက်ခင်းစိုက်ပျိုးရန်အတွက် ကျေးရွာသားတစ်ဦးမှ ခြုံများရှင်းလင်းနေစဉ် ကျောက်တောင်ပေါ်မှ ရှေးဟောင်းလက်ရာ ကျောက်ထွင်း ဘုရားခြေရာတော် ၊ဆင်းတုတော်သုံးဆူနှင့် သဘာဝအလျောက်ရှိနေသည့် ကျောက်တုံးများပေါ်တွင် ခြင်္သေ့ပုံ၊လူပုံနှင့် အစင်းကြောင်းများ ထွင်းထုထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။

“ယာခင်းလုပ်ဖို့ ခုတ်ကြထွင်ကြရင်းနဲ့ တွေ့လိုက်တော့ ရွာကဆရာတော်နဲ့ ရေပန်းတွေဘာတွေနဲ့ ထိုးချလိုက်တော့ တွေ့ရတာ။ ခြေတော်ရာနဲ့ တွင်းလေးတွေနဲ့ ခွက်လေးတွေ ဘာလေးတွေတွေ့တာ၊ လက်ရှိကို တွေ့ထားတဲ့ဆင်းတုတော်လေးတွေ အုပ်ခွက်ပုံလေးတွေတော့ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဆီမှာထားတယ်”ဟု ဦးဝင်းလှိုင်က ပြောသည်။ ၎င်းတို့တွေ့ရှိခဲ့သည့် ဘုရားခြေရာတော်သည် အင်းဝခေတ်လက်ရာဟု ခန့်မှန်းရကြောင်း၊ ကျောက်ဆောင်များတွင် ထွင်းထုထားသည့် လက်ရာများသည် ကျောက်ခေတ်မှ ရှားပါးသည့် အသစ်တွေ့ရှိမှု ဖြစ်နိုင်ချေများသည့်အတွက် ဂရုတစ်စိုက် ထိန်းသိမ်းထားပေးစေလိုကြောင်း ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် ကပြောသည်။ “အဲ့ဒီမှာက ခေတ်နှစ်ခေတ်ပါတယ်။ ခြေတော်ရာက အင်းဝခေတ်ပေါ့။

ကျောက်တုံးပေါ်မှာ ခြေတော်ရာထွင်းတဲ့ဟာကတော့ ရှားတယ်။ ဒါပေမယ့် သိပ်ပြီးတော့ခေတ်မစောဘူး။ အဲ့ဒီကျောက်တုံးဘေးမှာ ရေးထားတဲ့အရုပ်တွေကတော့ ကျောက်ခေတ်ကလက်ရာတွေ ဖြစ်ဖို့ပိုများတယ်။

ဘာလို့များလဲဆိုတော့ အဲ့ဒီနယ်မြေက ပျူပုတီးတွေတို့ ပျူအိုးတွေတို့ ပျူဒင်္ဂါးတွေတို့ တွေ့ဖူးတော့ ပျူခေတ်ထက်စောတဲ့ ခေတ်ဖြစ်နိုင်ဖို့များတယ်။ ကျောက်တုံးပေါ်မှာ အရုပ်ကလေးတွေ တောင်ခြစ်မြောက်ခြစ်လုပ်တာက ယနေ့လူတွေလည်းလုပ်နိုင်သလို ရှေးတုန်းကလူတွေလည်း လုပ်နိုင်တော့ ရှေးတုန်းကလူတွေလုပ်သလား ခုခေတ်လူတွေလုပ်လားဆိုတာကတော့ ပညာရှင်တွေကိုယ်တိုင် ကွင်းဆင်းကြည့်မှသိမယ်။ ကျွန်တော်တို့လည်း Covidကန့်သတ်ချက်တွေ ရုပ်သိမ်းသွားရင်တော့ သွားဖို့အစီအစဉ်ရှိပါတယ်”ဟု ပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*