လွှင့်ပစ်လိုက်ရတဲ့ သိန်းပေါင်းများစွာတန်သော အချင်းများ (သို့) မြန်မာတွေ ပညာတတ်ဖို့လိုပြီ

ဇာတိချက်ကြွေ မွေးရပ်မြေတဲ့။ မြန်မာမှာ ဆိုရိုးစကား ရှိပါတယ်။ မှန်ပါတယ်။ မြန်မာမှာကတော့ ကလေးမွေးပြီး အချင်း ရပြီဆိုရင် မြေကြီးထဲ မြှုပ်ဖို့ ကြိုးစားကြတာပါပဲ။ အချင်းကို မြှုပ်ရင် မြှုပ်တဲ့သူက မျက်နှာပြုံးပြုံးထားရတယ်။ စိတ်ကောင်း ကောင်း ထား မြှုပ်ရတယ်။ ဒါမှ မွေးလာတဲ့ကလေးက စိတ်ထားကောင်း မျက်နှာချိုတယ်လို့ အယူများလည်း ရှိကြပါတယ်။

မြန်မာ့မြေပေါ်မှာ အချင်းတွေ သိန်းသန်းမက မြှုပ်နှံပြီး ဖြစ်မှာ မြေကြီးလက်ခတ်မလွဲ အမှန်ပါဘဲ။ ခေတ်ကြီးက နည်းနည်း တိုးတက်လာတော့ ဆေးရုံမှာ လာမွေးကြ၊ ဆေးရုံတွေကလည်း အဲဒီအချင်းတွေ ဘယ်မှာ မြှုပ်ရမှန်းမသိ၊ ပြဿနာတွေ အကြီးကြီး ကြုံကြရ။ မြန်မာ့မြေမှာ အချင်းတွေဟာ အလဟဿဖြစ်လို့။

ဒီနေ့တော့ ဂျပန်ရဲ့ အချင်း (stem cell) တွေ သိမ်းဆည်းတဲ့ ၊ သွေးနဲ့ သွေးထွက်ပစ္စည်းတွေ သိမ်းဆည်းတဲ့ ဘဏ်ကြီးကို ရောက်ခဲ့ ရပါတယ်။ ဂျပန်မိခင်တွေကို မမွေးခင်ထဲက အချင်းကို အလှူခံ၊ မွေးလာတဲ့အခါ ကလေးအချင်းကနေ သွေးကို ထုတ်ယူ၊ အဲဒီသွေးကို အဆင့်ဆင့် စက်တွေနဲ့ ဖြတ်သန်းလိုက်တဲ့အခါမှာ သွေးရည်ကြည်တွေ ပါတဲ့ အပိုင်းက တစ်ထုပ်၊ သွေးနီဥ တွေ ပါတဲ့ အပိုင်းက တစ်ထုပ်၊ stem cell တွေ ပါတဲ့အပိုင်းတွေက တစ်ထုပ် စသည်ဖြင့် သွေးတစ်အိတ်ကို အစိတ်အပိုင်း များစွာ ခွဲခြားပြီး ထုတ်လုပ်နေတာကို တွေ့ရပါတယ်။

ထုတ်လုပ်ထားတဲ့ သွေးအိတ်တွေကို အခန်းအမျိုးမျိုးမှာ အပူချိန် အမျိုးမျိုးနဲ့ ထိန်းသိမ်းထားတာကိုလည်း တွေ့ရပါတယ်။ cord blood တွေကို -၁၉၅ ဒီဂရီရှိတဲ့ သွေးလှောင်ဘဏ်ထဲမှာ တစ်နေ့ကို အထုပ်ပေါင်း ၄၀၀၀ လောက် လှောင်ထားတာ ကိုလည်း တွေ့ခဲ့ရပါတယ။် နေ့စဉ်လည်း အဲဒီပမာဏလောက်သော stem cell တွေ၊ သွေးအိတ်မျိုးစုံတွေကို ကမ္ဘာအနှံ့ ရောင်းချပြီး ၀င်ငွေရနေတာကိုလည်း အံ့သြစရာတွေ့ရပါတယ်။

သွေးနီဥ တစ်အိတ်ကို အမြင့်ဆုံး ယန်း၃၂၀၈၅ (မြန်မာငွေ လေးသိန်းခွဲ)၊ သွေးရည်ကြည်ကို ယန်း ၂၃၆၁၇ (မြန်မာငွေ သုံးသိန်းသုံးသောင်း) ၊ အချို့သော သွေးထွက်ပစ္စည်း stem cell တွေကို ယန်း ၁၉၁၄၉၆ (မြန်မာငွေ ၂၆ သိန်း)အထိ ရောင်းချနေတာ သိရပါတယ်။ အမေတစ်ယောက်လှူလိုက်တဲ့ အချင်းတစ်ခုကနေ မြန်မာငွေ သိန်း လေးဆယ်လောက် ၀င်ငွေရတာကို ထူးဆန်းအံ့သြစွာ တွေ့မြင်ရပါတယ်။ (တစ်နေ့ကို အိတ် ၄၀၀၀ ဆိုတော့ သိန်းပေါင်း ၁၆၀၀၀ ၊ တစ်နှစ်၀င်ငွေ တွက်သာကြည့်ပါတော့။)

တစ်နှစ် တစ်နှစ် ဂျပန်ရဲ့ stem cell ရောင်းရငွေဟာ သန်းပေါင်းများစွာ ရှိနေတာ တွေ့ရတော့ မြန်မာ့မြေမှာ အချည်းနှီး မြှုပ်ပစ်လိုက်ရတဲ့ အချင်းတွေအတွက် နှမျောလိုက်တာ။ တကယ်တော့ အချင်းက စျေးကြီးတာ မဟုတ်။ ပညာကသာ စျေးကြီးတာပါ။ မြန်မာတွေ ပညာတတ်ဖို့ လိုနေပါပြီ။ ဝါးလုံးခေါင်းထဲ လသာပြီး ဒီနေရာမှာ ငါအလင်းဆုံးဆိုတဲ့ စိတ်နဲ့ တော့ ကျန်းမာရေးအဆင့်လည်း တက်မလာ၊ တိုင်းပြည်လည်း တိုးတက်လာမှာ မဟုတ်ပါ။ တစ်နေ့လုံး ကျွန်တော့်စိတ် ထဲမှာ ထပ်တလဲလဲ ပေါ်နေတဲ့အတွေးကတော့ ငါ့နိုင်ငံအတွက် ငါအခုထက်ပို အလုပ်လုပ်ရဦးမယ် ဆိုတာပါပဲ။

မြန်မာတွေ ကမ္ဘာကြည့် ကြည့်တတ်တဲ့ တစ်နေ့ စင်္ကာပူလောက်တော့ မီကောင်းပါရဲ့။ (အချင်းက ထုတ်တဲ့ stem cell တွေကို လိုရာလေဆိပ်တွေ ပို့တဲ့အခါမှာ X-ray ဖြတ်လို့မရဘူးဆိုတဲ့ အသိကိုလည်း သိခွင့်ရလိုက်ပါတယ်။ မြန်မာပြည်က အချင်းကို ထိုင်းမှာ သွားသိမ်းသူများအတွက် လေဆိပ်မှာ X-ray ဘယ်လို ဖြတ်သလဲဆိုတာလည်း စိတ်၀င်စားစရာ တစ်ခုပါပဲ

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: