ဇူလိုင်လ (၁) ရက်နေ့ထွက်မည့်ထီ ဖွင့်ပွဲအတွက်ကျပ်သန်း (၂၅၀) အပိုထည့်ပေးထား

ဇွန် လအတွက် ထီလက်မှတ် များအား “က’’ အက္ခရာ မှ “ကစ” အက္ခရာ အထိ စုစုပေါင်း အက္ခရာ ၃၉ လုံးရောင်းချခဲ့ပြီး အကုန်ရောင်းကုန်ခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာလိုက်သည်။ ထို့အပြင် သတ်မှတ်ကာလတွင်လာရောက်ထုတ်ယူခြင်းမရှိသော ဘဏ္ဍာသိမ်းငွေမှ ကျန်းသန်း ၂၅၀ ကို ဇူလိုင်လ ၁ ရက် တွင် ကျင်းပမည့် ၁၇ကြိမ်မြောက် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲတွင် ထပ်တိုးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ပြည်တွင်းအခွန်မှ တာဝန်ရှိသူတစ်ဦးက “COVID-19 ကာလ မှာ လူတွေ အိမ်ပြင်မထွက်ကြတဲ့အချိန် ထီလက်မှတ် တွေ အများကြီး ရောင်းမကုန်ဖြစ်ခဲ့တယ်။ အခုဇွန်လမှာတော့ ထီလက်မှတ် အကုန်ရောင်းကုန်ခဲ့လို့ ထီလက်မှတ်ရောင်းအား ပုံမှန်ပြန်ဖြစ်သွားပါပြီ။ လာမထုတ်တဲ့ ဘဏ္ဍာသိမ်း ငွေ က ကျပ် ၁ ဘီလီယံ ရှိတယ်။ အဲ့ဒီ့ထဲ က ကျပ်သန်း ၂၅၀ ကို ထပ်တိုးဆုမဲ အဖြစ် ဇူလိုင် ၁ ရက် နေ့ ဆုမဲတွေ မှာချီးမြှင့်သွားမှာပါ’’ ဟုပြောခဲ့သည်။

၂၀၂၀ပြည့်နှစ် မေလတွင် ရောင်းမကုန်သည့် အောင်ဘာလေထီလက်မှတ် ၆ သိန်းကျော် ရှိခဲ့ပြီး ဧပြီလတွင်ရောင်းမကုန်သည့် ထီလက်မှတ် ၁ ဒသမ ၈ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။ ၁၇ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာ ၃၉ လုံးဖြစ်၍ ထီစာအုပ် ၃,၁၉၀,၉၀၂ အုပ်ဖြစ်ပြီး ထီလက်မှတ်စောင်ရေ ၃၅,၀၉၉,၉၂၂ စောင်ရှိကြောင်း သိရသည်။ ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်းပေါင်း ၃၁၉၀၉. ၀၂၀ ဖြစ်ကြောင်း၊ ၎င်းရောင်းရငွေထဲမှ ၆၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ဆုငွေမှာ ၁၉၁၄၅. ၄၁၂ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အထူးဆုကြီး အနေဖြင့် ကျပ်သိန်း တစ်သောင်းခွဲ (၁)ဆု ၊ ကျပ်သိန်း တစ်သောင်း (၁)ဆု၊ ကျပ်သိန်း ငါးထောင် (၂)ဆု၊ ကျပ်သိန်း နှစ်ထောင် (၅)ဆု ၊ ကျပ်သိန်း တစ်ထောင် (၇)ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ဆုတစ်ဆုချင်းစနစ်အနေဖြင့် ကျပ်သိန်းငါးရာ (၁၈)ဆု၊ ကျပ်သိန်းနှစ်ရာ (၂၁)ဆု၊ ကျပ်သိန်း တစ်ရာ (၂၆)ဆု၊ ကျပ်သိန်း ၅၀ (၂၆)ဆု၊ ကျပ်သိန်းနှစ်ဆယ် (၂၉)ဆု၊ ကျပ်ဆယ်သိန်း (၃၂)ဆု၊ ဝေဝေဆာဆာ ပဒေသာဆုမဲစနစ် တွင် ကျပ်သုံးသိန်း (၁၅၀)ဆု၊ ကျပ်နှစ်သိန်း (၁၅၀၀)ဆု၊ ကျပ်တစ်သိန်း (၁၈,၀၀၀)ဆုနှင့် ကျပ်ငါးသောင်း (၂၀၀,၀၀၀) ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ တစ်ဆုချင်းဆုမဲ ကျပ် ဆယ်သိန်း (၄)ဆု နှင့် ဝေဝေဆာဆာဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း (၂၀)ဆု၊ ကျပ်နှစ်သိန်း (၂၀၀)ဆု၊ ကျပ်တစ်သိန်း (၂၀၀၀)ဆု၊ စုစုပေါင်း ၂၂၂၄ ဆု ကိုထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*