ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့ တင်ပြထား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ကျန်းမာရေးအရ ဝင်မပြိုင်ဖို့ ပါတီကို တင်ပြထားပြီး ပါတီကတော့ ဒီကိစ္စကို လက်မခံသေးဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ဘီဘီစီကိုပြောပါတယ်။

“သူကတော့ မပြိုင်တော့ဘူးလို့ ပြောတယ်။ ကျန်းမာရေးကြောင့်ပေါ့။ နှလုံးကခွဲထားတာကိုး။ အဓိကက stress တွေမခံနိုင်ဘူး။ သေချာတယ်။ ဒါဆက်လုပ်နေရင် သူ့ကျန်းမာရေး ထိမှာပေါ့။ ဒါကြောင့်ပါ။ ဒါပေမယ့် ပါတီဘက်ကတော့ လက်မခံသေးဘူး” လို့ ဦးဝင်းထိန်နဲ့ ဘီဘီစီတို့ ဇွန် ၃ ရက်က သီးသန့်တွေ့ဆုံခန်းမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ဖို့အခြေအနေ ဘယ်လိုရှိသလဲလို့ မေးမြန်းရာမှာတော့ ဒေါက်တာဇော်မြင့်မောင်က ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်ရေးကိစ္စအပါအဝင် ပါတီလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ရှိတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က လာမယ့်ရွေးကောက်ပွဲအတွက် ပါတီက တာဝန်ပေးမှုအပေါ် မူတည်ပြီးဆောင်ရွက်မယ်လို့ မေ ၃၁ ရက်က ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

ဒါပေမယ့် အဲဒီအစည်းအဝေးအပြီးမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နှစ်ဦး ကျန်းမာရေးအခြေအနေအရ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စဟာ အစည်းအဝေးအစီအစဉ်ထဲမှာလည်း မပါခဲ့သလို ဒါကို ဆွေးနွေးခဲ့ခြင်းလည်းမရှိဘူးလို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်ကာလအတွင်း ဗိုလ်တထောင်စေတီမှာ ရှင်ဥပဂုတ္တ မထေရ်မြတ် ရေချ ပူဇော်ပွဲပြုလုပ် ခဲ့မှုနဲ့ပတ်သက်လို့ သမ္မတရုံးက ထုချေလွှာ တောင်းထားတာဟာလည်း ဒီအဆင့်နဲ့ပဲ ပြီးသွားမှာပဲလို့ ဦးဝင်းထိန်ကပြောပါတယ်။

“(ဝန်ကြီးချုပ်) ဖြိုးမင်းသိန်းက စကားပြောတာမရှင်းတာပေါ့။ ဘာဖြစ်လဲ။ ဒီပွဲလုပ်မိတယ်။ မထင်မှတ်ဘဲ လူအုံသွားတယ်။ အဲဒီအတွက် တာဝန်ရှိ ပါတယ်ပေါ့။ ပြီးတာပဲ။ စစ်အစိုးရတုန်းကတောင် ဒီထက်ဆိုးတာတွေအများကြီးပဲ ခံခဲ့ရတာ။ ဒီလောက်ကတော့မမှုဘူးလေ။ အခု သမ္မတရုံးက သူ့ကိုထုချေလွှာတောင်းထားတယ်။ ထုချေလွှာတင်ပြီးရင် ပြီးတာပဲ။ ဘာမှမဟုတ်ဘူး” လို့ ဦးဝင်းထိန်က ဆိုပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ပါတီဗဟိုက သတိပေးရန်ကုန်တိုင်းအစိုးရကို သမ္မတရုံး ဖြေရှင်းချက်တောင်းရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခွင့်မရမကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုနဲ့ ထောင်နှစ် ၃၀ ချမှတ်ခံရတဲ့အပေါ် စိတ်မချမ်းမသာဖြစ်ရကြောင်း ဦးဝင်းထိန်ကပြောပါတယ်။

ဒီအမှုဟာ အဂတိကော်မရှင်က တိုက်ရိုက်ကိုင်တွယ်တာဖြစ်သလို ဒေါ်လဲ့လဲ့မော်ဟာ ကင်ဆာဝေဒနာခံစားနေရသူဖြစ်တဲ့အတွက် ကျန်းမာရေးအရ အာမခံလျှောက်ထားပေမယ့် မပေးခဲ့ဘူးလို့ ဦးဝင်းထိန်ကပြောပါတယ်။ ဒါကြောင့်ဒီအမှုမှာ အပေါ်က ဖိအားတွေရှိနေသလားလို့ သုံးသပ်မိတယ်လို့ သူက ဆက်ပြောပါတယ်။

အမှုအခြေအနေတွေနဲ့ စစ်ချက်တွေကိုလည်း သူအမြဲလေ့လာခဲ့ပြီး ငွေပေးငွေယူကိစ္စတွေမှာ ဒေါက်တာလဲ့လဲ့မော်ဟာ သူတစ်ဦးတည်း သဘောနဲ့ လုပ်ခဲ့တာမဟုတ်ဘဲ ကက်ဘိနက်အစည်းအဝေး(အစိုးရအဖွဲ့အစည်းအဝေး)သဘောတူညီချက်နဲ့လုပ်ခဲ့တာဖြစ်တယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

အဂတိမှုနဲ့ ထောင်နှစ် ၃၀ ကျတဲ့ ဝန်ကြီးချုပ်ဟောင်း
ဒါပေမယ့် တရားစီရင်ရေးမဏ္ဍိုင်ကို စွက်ဖက်ရာကျမှာမျိုးဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးမပြောလိုပေမယ့် ဒေါက်တာလဲ့လဲ့မော်အတွက် စိတ်မချမ်းသာရကြောင်း သူက ဆက်ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်ဟာ ဦးဝင်းထိန် ကိုယ်တိုင် ရွေးချယ်ပြီး ခန့်အပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။

ရန်ကုန်ကို ပြောင်းလာတာ တစ်နှစ်ရှိပြီလို့ ဦးဝင်းထိန်ကပြောပါတယ်။
ဦးဝင်းထိန်က သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ သူနဲ့ အဆက်အသွယ်မရှိတာ အနည်းငယ်ကြာနေပြီးဖြစ်ပြီး သူ့ဇနီးနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် အမြဲအဆက်အသွယ်ရှိတယ်လို့ ပြောပါတယ်။

ဦးဝင်းထိန်ဟာ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကော်မရှင်ကို သက်တမ်းထပ်မတိုးတော့ကတည်းက နေပြည်တော်ကနေ ရန်ကုန်ကို ပြောင်းပြီး နေထိုင်လာတာ တစ်နှစ်ရှိပြီလို့ ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရဖို့အလားအလာနဲ့ပတ်သက်လို့တော့ အရင်ရွေးကောက်ပွဲလောက် အနိုင်ရဖို့ မလွယ်ကြောင်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အထိတော့ နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ကိုဗစ်ရောဂါထိန်းချုပ်ရေးအခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ကြေညာမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

အန်အယ်လ်ဒီ တိုင်းရင်းသားကော်မတီ၊ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ ညွန့်ပေါင်းအလားအလာ
အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်းတွေကို ဇွန်လအတွင်း အပြီးသတ်ရွေးချယ်သွားဖို့ ရှိပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာ အောင်နိုင်ရေး၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးတို့မှာ အဓိက ပါဝင်ခဲ့တဲ့ ဦးဝင်းထိန်ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် ပါတီက တာဝန်ပေးအပ်ထားတာ လတ်တလောမရှိသေးဘူးလို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်၊ မတ်လက အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ပြင်ဆင်ဖွဲ့စည်းပြီးတဲ့နောက် ပါတီခေါင်းဆောင်ပိုင်းကို တစ်စုတစ်စည်းတည်းတွေ့ရတာဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ၂၀၁၈ ခုနှစ်၊ မတ်လမှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နာယက သူရဦးတင်ဦး၊ သဘာပတိ ငါးဦးအဖြစ် ဦးလှဖေ၊ ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျော်ခင်နဲ့ ဦးမန်းဂျော်နီတို့ ဖြစ်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ(၁) က ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌ (၂) က ဒေါက်တာဇော်မြင့်မောင်ဖြစ်ပါတယ်။

အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့က တာဝန်ယူထားပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဦးအောင်စိုး၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးဖြိုးမင်းသိန်းတို့ ဖြစ်ပါ တယ်။

ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်တို့ကို ခန့်ထားခဲ့ပြီး ခုတော့ ဒေါက်တာဇော်မြင့်မောင်တစ်ဦးတည်းကိုပဲ ပြောရေးဆိုခွင့်တာဝန်ပေးထားပါတယ်။

ဒေါက်တာမျိုးညွန့် ပါတီပြောခွင့်ရ သူအဖြစ်ကနေ နားပြီ
ဒါ့အပြင် စီအီးစီအဖွဲ့ဝင် ဦးအောင်စိုးဟာ အခုအခါပါတီက နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလရပ်တည်နေသလို ဦးဝင်းထိန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိထားပါတယ်။ သူဟာ ဒေါက်တာလဲ့လဲ့မော်ရဲ့ ခဲအိုတော်စပ်သူလည်း ဖြစ်ပါတယ်။

အဲဒီစီအီးစီပြင်ဆင်ဖွဲ့စည်းပြီးတဲ့နောက် ၂၀၁၈ ဇွန်လမှာ ဦးဝင်းထိန်ဟာ သြစတြေးလျနိုင်ငံကိုဆေးကုသဖို့ ထွက်ခွာသွားခဲ့ပြီး ထိုစဉ်က အခုလို ခရီးထွက်သွားတဲ့အပေါ် ပါတီကို တစ်စုံတစ်ရာအကြောင်းကြားတာမရှိခဲ့ဘူးလို့ ပါတီဘက်က ပြောကြားခဲ့တာတွေရှိခဲ့ပါတယ်။

ဦးဝင်းထိန်ကတော့ လက်ရှိမှာ သူ့ကိုပေးထားတဲ့ သဘာပတိရာထူးက ceremony role သာဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: