ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ပင်စင်စားသက်ကြီးရွယ်အိုများကို ငွေကြေးထောက်ပံ့ပေးမည်

ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ ပင်စင်စားသက်ကြီးရွယ်အိုတွေအတွက် ကပ်ဘေး ကာလအတွင်း ငွေကြေးထောက်ပံ့ရေးအစီအစဉ်အဖြစ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉ သန်း ထောက်ပံ့ပေးဖို့ အစိုးရက လုပ်ဆောင်နေပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုအတွက် အမေရိကန်ဒေါ်လာ ၉ သန်း ( မြန်မာငွေ ကျပ် ၁၂ ဘီလီယံကျော်ကို အသုံးပြုသွားဖို့ လုပ်ဆောင်နေတာပါ။

ဒီအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (LIFT ) တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူမှုရေးပင်စင်အစီအစဉ်မှာ ခံစားခွင့် ရရှိသူ အသက် ၈၅ နှစ် အထက် သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်၊ မွေးဖွားလာတဲ့ကလေးတွေ အသက် ၂ နှစ်ပြည့်တဲ့အထိ ငွေကြေးထောက်ပံ့ပေး သွားမှာပါ။

အကျိုးခံစားခွင့်ရရှိသူ တဦးချင်းကို ထောက်ပံ့မှုအနေနဲ့ ငွေကျပ် ၃၀၀၀၀ ကို ထောက်ပံ့ပေး သွားမှာဖြစ်ပြီး လာမယ့်အပတ်အတွင်း ထောက်ပံ့ပေးသွားဖို့ လုပ်ဆောင်နေပါတယ်။

ဒီအစီအစဉ်ကနေ တစ်နိုင်ငံလုံးရှိ လူဦးရေ ၄ သိန်းကျော်အပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုကို လျော့ပါးစေဖို့နဲ့ သွယ်ဝိုက်အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနကနေ စီမံကိန်းထား လုပ်ဆောင်နေတဲ့ ရခိုင်၊ ချင်း၊ ကယား၊ ကရင်ပြည်နယ်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိ ကိုယ်ဝန်ဆောင်နဲ့ အသက် ၂ နှစ်အောက်ကလေးငယ်ရှိတဲ့ မိခင်တွေကို လက်ရှိလစဉ်ထောက်ပံ့ပေးနေတဲ့ ငွေကျပ် ၁၅၀၀၀ အပြင် ငွေကျပ် ၃၀၀၀၀ ကို ထပ်ဆောင်းပေးအပ်ဖို့ ပြင်ဆင်ထားပါတယ်။

အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ (LIFT) အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ သန်း ပေးအပ်သွားမယ်လို့ ဧပြီလ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: